"Welcome From FEELING BIN ONLINE FREE ENTERTAINMENT"

အသည်းကွဲသမားရဲ့လိပ်စာ



အသည်းကွဲသမားရဲ့လိပ်စာ

အစကတည်းက ရေမြွေလိုနေခဲ့တော့
အဆုံးမှာလည်း ရေမြွေလိုနေရမှာပဲ
ဘယ်လိုနေနေ
နာကျင်စရာတွေက လိပ်စာတိကျလွန်းတယ်
အဲဒီ နာကျင်စရာဒဏ်ရာတွေရတိုင်း
ဆေးမထည့်ပဲ
သူ့အလိုလိုပျောက်ချိန်ထိစောင့်နေခဲ့တာကို
ဟင်္သာတမှာ . . အချစ်လို့ခေါ်တယ်။
မာန မရှိတော့ဘူး
သိက္ခာ မရှိတော့ဘူး
အောက်ကျခံရလွန်းလို့ ထပ်ပြီးအောက်ကျစရာမရှိတော့ဘူး
ဆုပ်လည်းစူး စားလည်းရူးဖြစ်မှာသိလို့ ကွေ့ရှောင်ပေမယ့်
ဒီလမ်းပေါ် ပြန်ပြန်ရောက်နေမိတာကို
နတ်မော်လမ်းမှာ . . အချစ်လို့ခေါ်တယ်။
သံယောဇဉ် ကုန်တော့လည်း
အဆက်ဖြတ်ဖို့အကြောင်းအရာကိုရှာမှာပဲ
ကံဇာတာမကောင်းတဲ့အခါ
ပျော်ရွှင်စရာက နာရီပိုင်းပဲခံပေမယ့်
ငရဲက လိပ်စာတိကျပြီးရှည်လျားလွန်းတယ်။
ရှင်းပြမှ နားလည်မှုရမယ့်အစား
ရှင်းမပြပဲ ငရဲကျခံလိုက်တာကိုမှ
အိမ်နံပါတ် (၂၃၃)မှာ. . အချစ်လို့ခေါ်တယ်
လမ်းကြုံရင် ဝင်ကြည့်လို့ရပါတယ်။
စုမောင်မောင်
၁၈ ၂ ၁၇

No comments